ကာလာဋီကာ ( Part 1 )

လူသား( Human ) နှင့် အရောင်(color) ဆိုသည်မှာ မွေးစမှ သေဆုံးသည့်ချိန်ထိ ခွဲခြားမရသော အပေါင်းအဖော်များဖြစ်သည်။ မွေးစ “အူဝဲ” ဆိုသည်နှင့် သင့်အသားရောင်ကိုကြည့်ပြီး သူနာပြုတို့  သင့်ကျန်းမာရေးကို မှတ်ချက်ချကြသည်။ သင့်မိခင်သီဆိုသော သားချော့တေးက ” လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး။ ခိုဖြူခိုပြာ နက်ကယ် ဖမ်းခက်လှသေး”ဖြစ်သည် ။ သင့်ကိုပတ်ထားသော အနှီး၏ အရောင် အဖြူရောင်ဖြစ်နေသည်ကပင် တိုက်ဆိုင်မှူတစ်ခု‌တော့မဟုတ်‌ချေ။

အသက်ရှင်သန်ခြင်းနှင့် အရောင်တို့သည် အထူးပင်ဆက်စပ်နေသည်ဟု သိပ္ပံပညာရှင်တို့ အသိအမှတ်ပြုကြသည်။ လူသားတို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကဲ့သို့  အ‌ရောင်စုံလင်သော ဂြိုလ်ကို စကြာဝဌါထဲတွင် မတွေ့ရှိသေးချေ။ သစ်တောသစ်ပင်တို့၏ အစိမ်းရောင်၊ ပင်လယ်သမုဒ္ဒရာတို့၏ အပြာရောင်တို့က အသက်ရှိနေသော ကမ္ဘာဟု အသိအမှတ်ပြုထားသကဲ့ပင်။

ဆွစ်ဇ် လူမျိုး expressionist ပန်းချီဆရာ Johannes Itten က

“အရောင်ဆိုတာ ရှင်သန်ခြင်းပဲ၊ အရောင်‌တွေသာ မရှိခဲ့ရင် ဒီကမ္ဘာကြီးလည်း သေတာနဲ့ ထူးမခြားနားပဲ” ဆိုခဲ့သည်ကို လွန်သည်ဟု မပြောနိူင်ပေ။

အရောင်တို့သည် လူသားတို့အားရှင်သန်ခြင်းတစ်ခုအတွက်သာမကပဲ၊ နေ့စဥ်လှူပ်ရှားသွားလာမှုအတွက်လည်း အကျိုးပြုနေလေသည်။ မီးပွိုင့်မှ အနီရောင်အစိမ်းရောင်လိမ္မော်‌ရောင်တို့က သင့်ကို ယာဥ်အန္တရာယ်မှ ကာကွယ်ပေးနေသည်ကို သတိပြုပါ။

အရောင်တို့၏ ကိုယ်စီပိုင်ဆိုင်သော အရည်အသွေး၊ အားသာချက်၊ အားနည်းချက်တို့ကိုလည်း လူသားတို့ အကျိုးအတွက်အသုံးချနိုင်သေးသည်။ ဥပမာအားဖြင့် ဆိုရလျှင် အနီအရောင်ကို အန္တရာယ်သတိပေးအရောင်အဖြစ် တစ်ကမ္ဘာလုံးနီးပါး အသုံးပြုကြသည်မှာ အနီရောင်၏ ပင်ကိုယ်အရည်အသွေးဖြစ်သည့် လူမျက်စိတွင် သတိအထားမိဆုံးမြင်တွေ့နိူင်မှုကြောင့်ဖြစ်ပြီး အနီ၏ ဆန့်ကျင်ဘက် အပြာနု ( CYAN ) ၏ပင်ကိုယ်အရည်အသွေးမှာ လွတ်လပ်ကျယ်ပြန့်သော ကောင်းကင်၊ ပင်လယ်ပြင်၊ အေးမြကြည်လင်သော ရေအိုင်ကျယ်တို့ကို  အမှတ်ရစေနိုင်မှုဖြစ်သည်။ အစိမ်းရောင်ကို သဘာဝနှင့် အနီးစပ်ဆုံးအရောင်အဖြစ် သတ်မှတ်ထားကြပြီး  အဝါရောင်သည် အ‌မှောင်ထဲတွင် အထင်းဆုံးမြင်နိူင်သော အရောင်ဖြစ်သည်။

အရောင်တို့သည် သက်ရှိလူသားတို့အပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိူင်သည်ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် အီဂျစ်လူမျိုးတို့က စတင်လက်တွေ့အသုံးချခဲ့ကြပြီး ဖြစ်လေသည်။ ခေတ်သစ်သိပ္ပံပညာရပ်တွင် ၁၈၇၆ ခုနှစ်ထုတ် Augustus Pleasonton ‌ရေးသားသော The Influence Of The Blue Ray Of The Sunlight And Of The Blue Color Of The Sky စာအုပ်ဖြင့် Color Therapy ခေါ် Chromotherapy ကို  ပြန်လည်စတင်လေ့လာခဲ့ကြသည်။

ကမ္ဘာကြီးတွင် လူမျိုးစုများ၊ဘာသာစကားများကွဲပြားသကဲ့သို့ အရောင် color များအတွက် အခေါ်အဝေါ်များလည်း ကွဲပြားနေပေသည်။ မကွဲပြားနေသည်က ဘာသာစကားတိုင်းတွင်
အရောင်များအတွက်နာမည်ပေးရာတွင် ပထမဆုံး အမည်း၊ အမည်းပြီးလျှင် အဖြူ၊ အဖြူပြီးလျှင် အနီရောင်၊ အနီရောင်ပြီးလျှင် အစိမ်းရောင် စသည့် အစဥ်လိုက်တူညီနေမှူဖြစ်သည်။
ဥပမာဆိုရလျှင် ဘာသာစကားတစ်ခုတွင် အစိမ်းရောင်အတွက်စကားလုံးရှိလျှင် အမည်း၊ အဖြူ၊ အနီရောင်တို့အတွက် စကားလုံးရှိသည်ဟု တပ်အပ်ပြောနိူင်ပြီး အနီရောင်အတွက် စကားလုံးမရှိလျှင်ကား
အမည်းနှင့် အဖြူတို့ အတွက် စကားလုံးရှိနေနိူင်သော်ငြား အစိမ်းရောင်အတွက် အခေါ်အဝေါ်ကား မသေချာတော့ချေ။
အရောင်တို့၏ နာမည်အခါ်အ‌ဝေါ်တို့ဖြစ်ပေါ်လာပုံမှာ အလွန်စိတ်ဝင်စားစရာဖြစ်သဖြင့်
ထပ်မံအကျယ်တဝင့်သိရှိလိုလျှင် Brent Berlin နှင့် Paul Kay တို့ရေးသားသော 1969 ခုနှစ်ထုတ်
Basic Color Terms: Their Universality and Evolution စာအုပ်ကို ရှာဖွေဖတ်ရှုသင့်ပေသည်။

ယခုအရောင်တို့နှင့် ပတ်သက်၍ စတင်မိတ်ဆက်ရာတွင်လည်း လူတို့အမည်စတင်ပေးသော အမည်းရောင်နှင့် စတင်မည်ဖြစ်သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *