Fashion in the Age of Technology

          လွန်ခဲ့သော နှစ်ပေါင်း ၆ သိန်းကျော်ကတည်းကပင် ခေတ်ဦးလူသားတို့သည် ရာသီဥတုနှင့် သဘာဝဘေးအန္တာရယ်တို့ကို ကာကွယ်ရန်အတွက် တိရိစ္ဆာန်တို့၏ သားရေကို ဖြတ်တောက်ဝတ်ဆင်ခဲ့ကြသည်။ ထိုမှတစ်ဆင့် လူတို့၏မူလသန္ဓေတွင်ပါဝင်လာသည့် စမ်းသစ်တီထွင်လိုစိတ်ကို အခြေခံကာ ပိုမိုသေသပ်ကျနစွာ ချုပ်လုပ်နိုင်ရန်အတွက် အပ်နှင့်အပ်ချည်တိုနှင့်အတူ ပိုးထည်ချည်ထည်တို့သည်လည်း ပေါ်ပေါက်လာခဲ့သည်။

အဝတ်အစားဒီဇိုင်းများနှင့်အတူ ၎င်းတို့ကို ချုပ်လုပ်ဖန်တီးသော ပညာရပ်တို့ကို အကြီးမားဆုံးပြောင်းလဲစေခဲ့ခြင်းအကြောင်းတရားသည် ၁၉ ရာစု၏ စက်မှုတော်လှန်ရေးတွင် ပေါ်ပေါက်လာခဲ့သော် အပ်ချုပ်စက်များကြောင့်ပင် ဖြစ်သည်။ ထို့နောက် ၂၀ ရာစုတွင်မူ ရှုပ်ထွေးများပြားလှ​သော လူနေမှူပုံစံနှင့် လူတန်းစားအခြေအနေတို့ပေါ်မူတည်ပြီး အင်္ကျီအဝတ်အစားဒီဇိုင်း၊ ပိတ်စအမျိုးအစားတို့သာမက ဖန်တီးချုပ်လုပ်သော နည်းစနစ်အမျိုးမျိုးတို့ ပြောင်းလဲပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ ၂၁ ရာစုသို့အရောက်တွင်တော့ အဝတ်အစားများကို ဖန်တီးချုပ်လုပ်သည့်အတတ်ပညာသည် အမြင့်ဆုံးအခြေအနေတစ်ခုသို့ ရောက်သည်အထိ တိုးတက်လာခဲ့သည်။

          နည်းပညာများ အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲနေသကဲ့သို့ ၄င်းကို မှီတည်၍ Fashion ကပါ တစ်ပါတည်းပြောင်းလဲနေသည်မှာ ငြင်းပယ်မရသော အမှန်တရားတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် အသစ်အသစ်သောအရာများကိုသာ လိုချင်ကြသော လူတို့၏ ဆန္ဒတို့ကြောင့် ရိုးရာလက်ချုပ်အတတ်ပညာသည် တဖြည်းဖြည်းချင်း မှေးမိန်လာခဲ့ပြီး Digital နှင့် Technology ကို ဦးစားပေးသော ဒီဇိုင်းတို့သည် ဈေးကွက်ထဲတွင် ပိုမိုနေရာယူလာခဲ့သည်။ များပြားလာသော သုံးစွဲသူတို့၏ လိုအပ်ချက်ကြောင့် ပိုမိုမြန်ဆန်သော အပ်ချုပ်စက်အမျိုးမျိုးနှင့်အတူ အခြားအချိန်ကုန်သက်သာစေသည့် ပစ္စည်းများကိုလဲ အစားထိုးသုံးစွဲလာကြသည်။ လက်ရက်ကန်းမှ စက်ရက်ကန်းအဖြစ်သို့ပြောင်းလဲလာသည့်အပြင် သိုးမွှေးထိုးခြင်းနှင့် ဇာထိုးပန်းထိုးကဲ့သောသော လက်မှူပညာတို့တွင်ပါ စက်ပစ္စည်းများ၏ အကူအညီကို မဖြစ်မနေရယူလာကြရတော့သည်။

သို့သော် အဝတ်အစားဒီဇိုင်းများကို အဓိကပြောင်းလဲစေသော အချက်တစ်ခုသည် ဖန်တီးသူတို့၏ ကိုယ်ပိုင်အယူအဆ၊ အတွေးအခေါ်နှင့် အမြင်သစ်များကြောင့်လဲ ဖြစ်သည်။ ဝတ်ဆင်ရအဆင်ပြေစေဖို့တစ်ခုတည်းသာ ရည်ရွယ်သည်မဟုတ်ပဲ Ism အသစ်၊ Category အသစ်၊ Movement အသစ်၊ Creation အသစ် အစရှိသဖြင့် အသစ်အသစ်သော အရာများကို ဖန်တီးလိုသော Artist၊ Creator နှင့် Designer တို့၏ စိတ်ကူးအသစ်တို့ကို အပြင်လောကတွင် လွယ်ကူအဆင်ပြေစွာ ပြုလုပ်ဖန်တီးနိုင်စေရန်လိုအပ်သည့်အတွက် Technology သည် Fashion ပေါ် အခြေတည်ကာ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်ဟု ထင်မြင်မိသည်။

ထို့ကြောင့်လဲ ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သော Manus X Machina ဟုအမည်ပေးထားသော Met Gala ပွဲတွင် ပြတိုက်၏ ဒါရိုက်တာတစ်ဦးဖြစ်သော Thomas P. Campbell က Fashion နှင့် Technology က ခွဲခြားမရဘဲ ဆက်စပ်နေကြောင်းကို “Fashion and technology are inextricably connected, more so now than ever before. It is therefore timely to examine the roles that the handmade and the machine-made have played in the creative process” ဟု ဖော်ပြခဲ့သည်။

၂၀၂၁ သို့ရောက်သောအခါတွင် နည်းပညာအသစ်အဆန်းတို့၏ အကူအညီမပါပဲ ရပ်တည်နေသော Fashion Brand ဟူ၍ မရှိသလောက်ပင် ရှားသွားပြီဖြစ်သည်။ Christian Dior, Chanel တို့ကဲ့သို့သော နှစ်ပေါင်းများစွာ အခိုင်အမာအောင်မြင်လာသည့် Royal Brand များမှအစ Alexander McQueen, Maison Margiela တို့ကဲ့သို့သော ဆယ်စုနှစ်နှစ်စုခန့်ကြာမြင့်လာသော Brand များအထိ ခေတ်မီနည်းပညာသုံး စက်ပစ္စည်းများကို လက်မှုပညာရှင်များနှင့် ရောနှောကာအသုံးပြုနေရပြီဖြစ်သည်။

၄င်း Brand များထက် ပိုမိုသာလွန်ကာ ခေတ်မှီနည်းပညာကို ဦးစားပေးအသုံးပြုဖို့လိုအပ်သော Design များကို ဦးစားပေးဖန်တီးသော Brand များဖြစ်သည့် Gareth Pugh၊ Iris Ven Herpen နှင့် Robert Wun အစရှိသော Brand များသည်လဲ Mainstream ပေါ်ရောက်လာခဲ့ပြီး လူအများ၏ သဘောကျနှစ်ခြိုက်မှုကို ရရှိနေပြီဖြစ်သည်။

နောင်အနာဂတ်တွင်မူ သုံးစွဲသူတို့၏ လိုအပ်ချက်နှင့် ဒီဇိုင်နာတို့၏ ဖန်တီးလိုသော စိတ်ဆန္ဒတို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဥ်အဝတ်အစားများသည်ပင် နည်းပညာအသစ်အဆန်းများဖြင့်သာ သီးသန့်အသုံးပြုကာ ဖန်တီးပြုလုပ်သော အဝတ်အစားများအဖြစ်သို့ လုံးဝပြောင်းလဲသွားဖွယ်ရာ ရှိပေသည်။ သို့မဟုတ် ၂၀ ရာစုကဲ့သို့ပင် လူနေမှုအဆင့်အတန်းနှင့် လူတန်းစားအမျိုးမျိုးပေါ်မူတည်ပြီး Category အမျိုးမျိုးဖြင့်လည်း ကွဲပြားခြားနားသွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ နည်းပညာအသစ်အဆန်းများပေါ်တွင် အခြေခံသော Fashion များသည် ကျွန်ုပ်တို့၏ နေ့စဥ်ဘဝများထဲသို့ တွင်ကျယ်စွာ ဝင်ရောက်လာသည်ကတော့ အမှန်ပင်ဖြစ်ပေသည်။

Robert Wun AW 2021

Reference:

https://www.ignant.com/2016/03/22/fashion-in-the-age-of-technology/

The Future Of Fashion In The Digital Age | Harper’s Bazaar Arabia (harpersbazaararabia.com)

http://makemydress.weebly.com/brief-history-in-dressmaking.html

 

Leave a Reply

Your email address will not be published. Required fields are marked *