မတော်တဆ Wes Anderson

I now understand what it means to be accidentally myself. Thank you.

Wes Anderson

“Accidentally Wes Anderson” တဲ့………..စာအုပ်ထူကြီးရဲ့ နာမည်က။မျက်နှာဖုံးကာဗာက ဓာတ်ပုံတစ်ခုတည်းနဲ့တင် လက်ကအလိုလိုလှမ်းမိသွားလေရဲ့။ပုံမှန်အားဖြင့်တော့ ဒီလိုစာအုပ်ကြီးတွေကို ဆံပင်အလှပြင်ဆိုင်ကြီးတွေ ရဲ့ ဧည့်ခံစားပွဲတွေပေါ်မှာဖြစ်ဖြစ်၊ ကော်ဖီ ဆိုင်ကြီးကြီး တစ်ခုရဲ့ စာအုပ်စင်အမြင့်တစ်နေရာမှာဖြစ်ဖြစ်တွေ့ရတတ်တယ်။ ဒီစာအုပ်ကို ကိုဘုန်းတွေ့ခဲ့ရတာလည်း ရန်ကုန်မြို့ ရဲ့ နာမည်ကြီး Hair saloon တစ်ခုမှာ ၊အချိန်ကာလအားဖြင့် ကိုဗစ်ဖျက်လို မပျက်ခဲ့တဲ့မြို့ ကို “မအလ”မဖျက်ခင်လေးမှာပေါ့။ နာမည်ကြီး The Grand Budapest Hotel ဇာတ်ကားရဲ့ ဒါရိုက်တာ Wes Anderson နာမည်နဲ့ “မတော်တဆဖြစ်သွားသော” ဆိုတဲ့ နာမဝိသေသနပုဒ်နဲ့ တွဲသုံးထားတာက ဒုတိယ သတိပြုမိတဲ့ အရာ။ ဘယ်သူကများ Wes Anderson မတော်တဆဖြစ်သွားပါလိမ့်ပေါ့။ စာအုပ်ရဲ့ အဖွင့်မှာ Wes Anderson က တိုတိုတုတ်တုတ်မှတ်ချက်ပေးထားတယ်။ “ဒီစာအုပ်ထဲက ဓာတ်ပုံတွေကိုရိုက်တဲ့ သူတွေနဲ့ တစ်ခါမှ မဆုံဘူးသလို ဒီဓာတ်ပုံတွေထဲက နေရာတွေကိုမရောက်ဖူးပေမယ့် ဆုံဖို၊ သွားဖိုတော့ ရည်ရွယ်ထားပါတယ်။ Wally Koval နဲ့ သူ့ရောင်းရင်းတွေကတော့ အရမ်းကြည့်လို့ ကောင်းတဲ့ ဓာတ်ပုံတွေနဲ့ အလွန်သွားချင်စရာကောင်းလောက်အောင် ညို့ ငင်နေတဲ့ ခရီးသွားလမ်းညွှန်တစ်ခုကို ဖန်တီးထားသလိုပါပဲ။ အနည်းဆုံးတော့ တကယ့် Wes Andersonပြောတဲ့စကားပေါ့လေ။ ဒီစာအုပ်ထဲမှာ နေရာအခုနှစ်ရာလောက် တွေ့ရတော့ တကယ်တမ်းသာသွားဖြစ်ရင် ဆယ်စုနှစ်နဲ့ ချီပြီးကြာကောင်းကြာသွားနိူင်ပါတယ်။ ဒီအတွေ့အကြုံတွေကို လက်လွှတ်လိုက်ဖိုတော့ စိတ်ကူးမရှိပါဘူး..အထူးသဖြင့်တော့ ဒီကရိုအေးရှားက Pan Cake ဆိုင်လေးကိုတော့ အရောက်သွားရမှာပါပဲ။” စသည်ဖြင့်ပေါ့။

အဓိက စာအုပ်စီစဉ်ဖြစ်တဲ့သူ Wally Koval က သူအမျိုးသမီးနဲ့အတူ ခရီးသွားဖို့ဆိုပြီး social media တွေက ဓာတ်ပုံတွေနဲ့ bucket list လုပ်ရင်းကနေ ဒီဓာတ်ပုံတွေကို သတိထားမိလာတာပြောရမယ်။ Wes Anderson ရဲ့ ရုပ်ရှင်တွေထဲကနေရာတွေနဲ့ ဆင်တူတဲ့နေရာတွေတော်တော်များများကို သတိပြုမိလာတော့ သူကြိုက်တဲ့ ဒါရိုက်တာလည်းဖြစ်နေတာနဲ့ ဒီ “Accidentally Wes Anderson” ဆိုတဲ့ project က Instagram ပေါ်မှာ ဝါသနာတူတွေနဲ့ ချိတ်မိပြီး ၂၀၁၇ မှာ စပြီးအသက်ဝင်လာတယ်။ အခုဆိုရင် မီလီယံနဲ့ချီတဲ့ community တစ်ခုကိုတည်ဆောက်မိနေပြီလို့ ဒီစာအုပ်ထဲမှာ အဖွင့်ဆိုထားတာထောက်ရရင် အခုစာအုပ်ထဲက ပုံပေါင်းငါးရာလောက်က သူလက်တင်ရွေးထားတဲ့ပုံတွေလို့ ယူဆရပါလိမ့်မယ်။ ကျန်တဲ့ ပုံတွေကို www.AccidentallyWesAnderson.com မှာ သွားကြည့်လို့ရနိူင်သလို Instagram နဲ့ Facebook မှာလည်းနေ့စဉ် အသစ်အသစ်တွေ တင်နေတာကိုလည်းတွေ့ရပါလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းတာက ဓာတ်ပုံရိုက်တဲ့သူတွေက ဓာတ်ပုံထဲကနေရာတွေရဲ့ လူသိနည်းတဲ့ အကြောင်းအရာတွေကိုပါ ပူးတွဲပြီးရေးပေးထားတာပါပဲ။ စာအုပ်ကိုလည်း Free download လုပ်လို့ရတဲ့နေရာတွေရှိပါတယ်။ ကိုယ့်နိူင်ငံတွင်းကသူတွေကတော့ ရှာလို့တတ်မှာပါ။ မရရင်တော့ chat box မှာ လာမေးလို့ရပါတယ်။ ကိုဘုန်း linkပေးပါ့မယ်။ စာအုပ်အနေနဲ့ မဖတ်ချင်ရင်လည်း website မှာတင် ဓာတ်ပုံအကုန်နီးပါးရှိပါလိမ့်မယ်။ Wes Anderson ရဲ့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေလို Symmetrical Balance ကျကျ flat background နောက်ခံတွေနဲ့ pastel toneတွေအပြည့်နဲ့ ဓာတ်ပုံတွေက ကြည့်တဲ့သူတွေနည်းနည်းတော့ စိတ်ထွက်ပေါက်ရနိူင်ကောင်းပါလေရဲ့။

Leave a Reply

Your email address will not be published.